ကျောက်ကပ် ဘာကြောင့် ပျက်စီးရသလဲ၊ ဘယ်လို ကာကွယ်မလဲ
ကျန်းမာတဲ့ ကျောက်ကပ်အစုံက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ သွေးဆဲလ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးသလို ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေ နဲ့ စွန့်ထုတ်ရမယ့် အညစ်အကြေးတွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးရင်း သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။
ဒီလို အရေးပါတဲ့ ကျောက်ကပ်လေးတွေကလည်း အမျိုးမျိုးသော အခြေအနေတွေကြောင့် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒီလို ကျောက်ကပ်တွေကို ပျက်စီးစေတဲ့ အကြောင်းအရင်းများ ရှိပေမယ့် ကျောက်ကပ် ပျက်စီးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ၂ ရပ် ရှိပါတယ်။ ဒါကတော့ သွေးတိုးရောဂါ နဲ့ ဆီးချိုရောဂါပါ။
သွေးတိုးရောဂါက နာတာရှည် ရောဂါ တစ်မျိုးဖြစ်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိဖို့ရာအတွက် အစားအစာကို ပုံမှန် ဂရုစိုက်ရသလို ဆေးတွေကိုလည်း မပျက်မကွက် သောက်ဖို့ လိုမှာပါ။ နေ့စဉ် ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုသလို သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးဖို့လည်း လိုပါမယ်။
ဒီလိုမှ မဟုတ်ဘူးဆိုရင် ရုတ်တရက် သွေးပေါင်ချိန် အဆမတန် မြင့်တက်တာမျိုး ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးတာနဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
နောက်ထပ် ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုက ဆီးချိုရောဂါပါ။ အမျိုးအစား - ၁ ဆီးချို ဖြစ်ဖြစ် အမျိုးအစား - ၂ ဆီးချို ဖြစ်ဖြစ် သွေးချိုပမာဏကို သေချာ မထိန်းဘူး ဆိုရင် ရေရှည်မှာ ကျောက်ကပ်ပျက်စီးမှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။
ကျောက်ကပ်ကို ဆီးချိုက တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိခိုက်စေတာပါပဲ။ သွေးချို မြင့်တက်မှုတွေကြောင့် ကျောက်ကပ် ထိခိုက်နိုင်သလို သွေးချိုကို ထိန်းဖို့ နေ့စဉ် သောက်သုံးနေရတဲ့ ဆေးဝါးတွေကို စစ်ထုတ်ရမှုကလည်း ရေရှည်မှာ ကျောက်ကပ်ကို ဝန်ပိစေတာပါပဲ။
ဒီအချက် ၂ ချက်အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာနဲ့ အခြားသောရောဂါတွေကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင် ပါသေးတယ်။
ကျောက်ကပ်ပျက်စီးတယ်ဆိုတာက ကျောက်ကပ်က သူရဲ့ လုပ်ဆောင်မှုတွေကို ၈၅% ကနေ ၉၀% လောက်အထိ မလုပ်ဆောင်နိုင်တော့တာပါ။ အသက်ရှင်ဖို့ လုံလောက်အောင် မစွမ်းဆောင်နိုင်တော့တာပါ။ ကျောက်ကပ်ပျက်စီးတာကို ကုသနိုင်တဲ့ နည်းလမ်း မရှိပေမယ့် အသက်ဆက်ရှင်နိုင်မယ့် ကုထုံးတွေတော့ ရှိပါသေးတယ်။ ကျောက်ကပ်ဆေးတာ ကျောက်ကပ် အစားထိုးကုသမှု ခံယူတာမျိုးပေါ့။
ကျောက်ကပ်ပျက်စီးတယ်ဆိုတာကိ နေ့ချင်းညချင်း ဖြစ်ပွားတာမျိုးတော့ မဟုတ်ပါဘူး။ ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်းချင်း ကျဆင်းလာတာပါ။ အချို့သူတွေမှာဆိုရင် ကျောက်ကပ်က လုံးဝ အလုပ်မလုပ်တော့မှ သိကြတာမျိုး တောင် ရှိပါတယ်။ ကျောက်ကပ် ထိခိုက်နေပြီဆိုရင် အိပ်ပျော်ဖို့ ခက်တာ၊ အစားစားချင်စိတ် မရှိတာ၊ အားနည်းတာ၊ ပင်ပန်းလွယ်တာ၊ အသားတွေ ယားယံတာ၊ ကိုယ်အလေးချိန် ကျဆင်းတာ၊ ခြေချင်းဝတ်တွေ ရောင်တာ၊ သွေးအားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ကျောက်ကပ် ကျန်းမာရေးမထိခိုက်စေဖို့ ဘယ်လို ကာကွယ်မလဲ?
ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အရာတွေ အများကြီး ရှိပေမယ့် ကျောက်ကပ်ကို အဓိကပျက်စီးစေဆာက ဆီးချို နဲ့ သွေးတိုးရောဂါတွေကြောင့် ဆိုတော့ ဒီလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကြောင့် ကျောက်ကပ် မထိခိုက်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။
ဒါတွေကတော့
ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ ပမာဏအတွင်း ရအောင် ထိန်းပါ - အဝလွန်တာက သွေးတိုးဆီးချို ဖြစ်နိုင်ခြေ များသလို ကျောက်ကပ်ကို ထိခိုက်စေမှာပါ။
လှုပ်လှုပ်ရှားရှား နေပါ - ကိုယ်လက်လှုပ်ရှားမှု ရှိတာက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် ကျောက်ကပ်ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးကြောင့် ကျောက်ကပ် ပျက်စီးနိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို ထိခိုက်မှု ကင်းချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။
ပုံမှန် ကျန်းမာရေး စစ်ဆေးပါ - ကျောက်ကပ်တွေကို ကျန်းမာစေချင်တယ်ဆိုရင် ပုံမှန် ကျောက်ကပ် ကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးပါ။
ဆေးတွေကို ဆေးညွှန်းအတိုင်းသာ သောက်ပါ - ဆေးတွေကို အလွန်အကျွံ သောက်တာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တာကြောင့် ဆေးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့ လိုအပ်လို့ သောက်မယ်ဆိုရင်လည်း ဆေးညွှန်းအတိုင်းပဲ သောက်ပါ။
သွေးပေါင်ချိန် ထိန်းပါ - သွေးပေါင်ချိန်ကို ပုံမှန် 140/90 အောက်မှာပဲ ရှိနေအောင် ထိန်းပေးပါ။ ဒါမှ ကျောက်ကပ် မပျက်စီးမှာပါ။
သွေးတွင်းသကြားဓာတ် ထိန်းပါ - ဆီးချိုရှိမယ်ဆိုရင်လည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မရှိအောင် ထိန်းပါ။ ဒါမှ ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
သွေးတွင်း အဆီထိန်းပါ - ဆီးချို နဲ့ သွေးတိုးတာတို့ကြောင့် ကျောက်ကပ် မပျက်စီးစေချင်ဘူးဆိုရင်တော့ သွေးတွင်းအဆီကို ထိန်းပေးပါ။
ဆားလျှော့စားပါ - အစားအစာတွေ စားတဲ့အခါ အငန်ကဲစွာ ပြင်ဆင်စားသုံးတာက သွေးတိုးစေနိုင်ပြီး ရေရှည်မှာ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
အသီးအရွက် များများစားပါ -အသီးအရွက်တွေက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချို သွေးတိုး မဖြစ်စေဖို့နဲ့ ဆီးချိုသွေးတိုး ရှိနေရင်တောင် ဒီကျန်းမာရေးပြဿနာတွေကြောင့် ကျောက်ကပ်မထိခိုက်စေဖို့ အသီးအရွက် များများစားပါ။
မွန်မွန်